လူ၏ခန္ဓာကိုယ်အတွင်းသို့ လိုအပ်သောအရည်ဓာတ်များ ဖြည့်သွင်းသည့်ကိရိယာ များဖြစ်သော infusion devices များသည် စက်ပစ္စည်းများဖြစ်ကြပြီး လူနာ၏ ကိုယ်တွင်းသို့ သွေးပြန်ကြောမှတဆင့် လူနာအတွက်လိုအပ်သော ဆေးဝါးများထည့်ဖျော်စပ်ထားသော အရည်များကို ဖြည့်သွင်းရာတွင် အသုံးပြုသည်။ လူနာတစ်ဦးအား နှလုံးဆိုင်ရာခွဲစိတ်ကုသမှုတစ်ခုပြုလုပ်တော့မည့်အချိန်ဖြစ်သည်။ ထိုလူနာမှာ သွေးတိုးရောဂါအခံရှိထားသူဖြစ်ကာ ထိုအကြောင်းကိုလည်းခွဲစိတ်မည့် တာဝန်ရှိသူများအားအသိပေးထားပြီးဖြစ်သည်။
ခွဲစိတ်ကုသမှုတစ်ခု၏ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ် ခွဲခန်းသူနာပြုဆရာမသည် အရည်ဖြည့်သွင်းကိရိယာသုံးမျိုးကို တပ်ဆင်လိုက်သည်။ ထိုသူနာပြုဆရာမသည် ဤခွဲခန်း၏ ခွဲစိတ်မှုအသင်းတွင်လူသစ်တစ်ယောက်ဖြစ်သည်။ ဤဆေးရုံတွင်အလုပ်ဝင်လာသည်မှာ သုံးပတ်မျှသာရှိသေးသည်။ အခြားအသင်းသားများကတော့ ဤခွဲခန်းတွင်အတူတကွအလုပ်လုပ်လာခဲ့သည်မှာ အနည်းဆုံး(၆)လကျော်ပြီဖြစ်သည်။ သူနာပြုဆရာမသည် ထိုပစ္စည်းများကို အထူးသတိထား၍ တပ်ဆင်နေရသည်။ အကြောင်းမှာ ပစ္စည်းတစ်ခုက သူမမြင်ဖူးသုံးဖူးနေကျ အမျိုးအစားနှင့်ကွာခြားနေသောကြောင့်ဖြစ်သည်။
လူနာကိုခွဲစိတ်နေစဉ် ပေးရမည့်ဆေးသုံးမျိုးကို ကိရိယာသုံးမျိုးတွင် အသီးသီးထည့်ထားသည်။ ဆေးတစ်မျိုးစီကို မည်မျှအချိန်အတွင်းမည်သည့်ပမာဏဖြင့် ကျစေရမည်ဟုလည်း ကြိုတင်ကာ အလိုလျှောက်လုပ်ဆောင်ရန်အစီအမံ programmed လုပ်ထားပြီးဖြစ်သည်။ ဆေးသုံးမျိုးတွင် မတူညီသည့် ဆေးပမာဏပါဝင်နေကြကာ ထိုလူနာအတွက်လိုအပ်သော ပမာဏအတိအကျကိုလည်းတွက်၍ ထည့်ထားသည်။ တစ်နာရီကိုမည်မျှကုဗစင်တီမီတာ ပမာဏနှုန်းဖြင့် ကျစေရန်ကို စီမံထားလိုက်သည်။
ခွဲစိတ်မှုပြုနေချိန်အတွင်း ထိုအရည်ဖြည့်သွင်းကိရိယာများအား စောင့်ကြည့်မှတ်သားစစ်ဆေးပေးကာ ထိုအရာများနှင့်အလုပ်လုပ်ရသူဖြစ်သော မေ့ဆေးဆရာဝန်ကြီးသည် ပုံမှန်အားဖြင့်ဆိုလျှင် ခွဲစိတ်ခန်းသို့ ရောက်ရှိချိန်မှာ သူနာပြုဆရာမပစ္စည်းများတပ်ဆင်ပြီးချိန်တွင်ဖြစ်ကာ ထိုအရာများကိုလည်း မှန်၊ မမှန်စစ်ဆေးလေ့ရှိသည်။ ဤနေ့ တွင်မူ မေ့ဆေးဆရာဝန်ကြီးသည် အခြားခွဲစိတ်မှုတစ်ခုမှ ရောက်လာရသောကြောင့်အနည်းငယ်နောက်ကျခဲ့သည်။ သူရောက်လာချိန်တွင် တစ်ဖွဲ့ လုံးက ခွဲစိတ်မှုစတင်ရန်အသင့်ဖြစ်နေကြပြီဖြစ်သည်။ မေ့ ဆေးဆရာဝန်ကြီးလည်း ကိရိယာများတပ်ဆင်ထားမှုကို တစ်ချက်သာငဲ့ကြည့်လိုက်ပြီး သူနာပြုဆရာမ နှုတ်ဖြင့်တင်ပြလာသည့်အတိုင်းလက်ခံလိုက်သည်။
ခွဲစိတ်မှုစတင်ချိန်တွင် အရည်ဖြည့်သွင်းကိရိယာတစ်ခုက စတင်၍ အလုပ်လုပ်တော့သည်။ ခွဲစိတ်မှု တ၀က်ခန့် ပြီးချိန်တွင် လူနာ၏သွေးဖိအားမှာ ရုတ်တရက်တက်လာသည်။ မေ့ဆေးဆရာဝန်ကြီးသည် ထိုအခြေအနေကို ချေဖျက်နိုင်ရန်အတွက်အခြားအရည်သွင်းကိရိယာနှစ်ခုအနက်မှတစ်ခုကို စတင်အလုပ်လုပ်စေသည်။ သူက အရည်အစက်ကျသည်ကိုပြသည့်နေရာ drip chamber ကိုလှမ်းကြည့်လိုက်ရာ အစက်ကျခြင်းမရှိသည်ကိုတွေ့ ရသည်။ သူသည် အရည်သွင်းပိုက်များကိုလိုက်စစ်ဆေးကြည့်လိုက်ရာ ပိုက်အဖွင့်အပိတ်လုပ်သည့် ညှပ်တစ်ခုက ပိတ်နေသည်ကိုတွေ့ ရ၍ဖွင့်ပစ်လိုက်သည်။ ထိုအချိန်မှာပင် အခြားကိရိယာတစ်ခုမှလည်း ဆေးရည်မကျပဲပိတ်နေကြောင်းကို အချက်ပြမီးလင်းလက်လာသည်။ မေ့ဆေးဆရာဝန်ကြီးသည် ထိုကိရိယာတွင်လည်း ညှပ်မပွင့်ပဲဖြစ်နေသည်ကို တွေ့ ပြန်ရာဖွင့်လိုက်ပြီး ပြန်စတင်သည့်ခလုတ်ကိုနှိပ်လိုက်ရာ အဆင်ပြေစွာ စတင်၍ ဆေးရည်များကျတော့သည်။ ထို့ နောက်သူပထမဆုံး စတင်အသုံးပြုနေသည့် အရည်သွင်းစက်သို့ ပြန်ကြည့်လိုက်ရာ ဆေးရည်များ ဒလဟောစီးကျနေကာ လူနာအတွက်လိုအပ်သည့်ပမာဏထက်ပိုနေပြီဖြစ်ကြောင်းတွေ့ ရပြန်သည်။ တစ်ဖွဲ့ လုံးကသင့်တော်သည့်ကုသမှုဝိုင်းလုပ်ကြပြီးနောက် ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်။
နှစ်ပတ်ခန့် အကြာတွင်ထိုအဖြစ်အပျက်အား ဆေးရုံ၏ “ဘေးဥပဒ် နှင့်အသေအပျောက်ပြန်ဆန်းစစ်ရေး ကော်မတီ အစည်းအဝေး” တွင် ပြန်လည်စစ်ဆေးလေသည်။ (မြန်မာပြည်က ဆေးရုံများတွင်မဟုတ်ပါ။) ထိုအစည်းအဝေးတွင်ဆေးရုံဝန်ထမ်းများအနေဖြင့် ပြဿနာတစ်စုံတစ်ရာတက်ခဲ့သည့်အမှုများအား ဘာကြောင့်ဖြစ်ရသည်၊ နောင်တွင်ထပ်မဖြစ်အောင်မည်သို့ ရှောင်ရမည်တို့ ကိုဆန်းစစ်ကြခြင်းဖြစ်သည်။ ထိုစက်ပစ္စည်းသုံးခုတွင်သုံးခဲ့သော သွေးကြောသွင်းပိုက်များကိုတော့ စွန့် ပစ်လိုက်သည်။ စက်များကိုတော့ ဇီဝနည်းပညာဝန်ဆောင်မှုအဖွဲ့ ကစစ်ဆေးကြည့်ရာ အရည်ပို့ စက် pump များက ကောင်းစွာအလုပ်လုပ်လျှက်ရှိကြောင်းတွေ့ ရသည်။ သို့ ရာတွင်ဆုံးဖြတ်ရန်ခက်နေသည်မှာ ပိုက်များ ပြွန်များကို စက်သို့ တပ်ဆင်ရာတွင်လွဲမှားခဲ့ခြင်းရှိမရှိ၊ ဆေးရည်ကျနှုန်းကိုလွဲမှားစွာ စီမံခဲ့ခြင်းရှိမရှိ၊ ဆေးကျနှုန်းအား ခွဲစိတ်မှုပြုနေစဉ်အတွင်းပြောင်းစေခဲ့ခြင်းရှိမရှိ နှင့် စက်များက အသုံးပြုနေစဉ်မထင်မှတ်သည့် လွဲမှားစွာလုပ်ဆောင်ခဲ့မှု ရှိမရှိ ဆိုသည်တို့ ဖြစ်သည်။ မေ့ဆေးဆရာဝန်ကြီးက မိမိကိုယ်ကိုကာကွယ်သည့်အနေဖြင့် သူနာပြုသည်ပိုက်များကိုလွဲမှားစွာတပ်ဆင်ခဲ့ကြောင်း၊ ထို့ ကြောင့်ပင်ဆေးရည်များမှာ ဒလဟောကျဆင်းသွားခဲ့ကြောင်းထွက်ဆိုသည်။ သူနာပြုဆရာမမှာမူ စိတ်ထဲတွင်သိနေသည်မှာ မေ့ဆေးဆရာဝန်ကြီးက သူမတပ်ဆင်ခဲ့သည့်ကိရိယာများကို သေချာစွာစစ်ဆေးမှုမပြုနိုင်ခဲ့ခြင်းဖြစ်သည်။ သို့ ရာတွင် ၄င်းတို့ နှစ်ဦးလုံးမသိခဲ့သည်မှာ ထိုစက်ပစ္စည်းများတွင် အရည်လိုတာထက်ပိုမကျနိုင်အောင် လုံခြုံစိတ်ချမှုအတွက် တည်ဆောက်ပေးထားသည်ဆိုခြင်းဖြစ်သည်။
ဤအမှုတွင် အသုံးပြုပုံစနစ်မှာ လူအစားစက်ကိုအသုံးပြုခြင်းများပါဝင်နေသည်။ (ဆေးရည်ဖြည့်သွင်းခြင်း) ။ ထိုအရာအတွက်ပစ္စည်းများ၊ လုပ်ဆောင်တပ်ဆင်အသုံးပြုသူများ၊ သူတို့ ၏အချင်းချင်းပြောဆိုဆက်ဆံကြပုံ၊ ထိုနေရာတွင်ပြုလုပ်ခဲ့သည့် လုပ်ပုံလုပ်နည်း၊ ခွဲစိတ်ခန်း၏ ပုံစံဒီဇိုင်း(ဤထဲတွင်သာ ပစ္စည်းများနှင့်လူများ အလုပ်လုပ်ခဲ့ကြရ၍) တို့ ကို ပြန်ဆန်းစစ်ကြည့်ကြသည်။ တွေ့ ရှိရသည်ပြဿနာမှာ ခွဲစိတ်မှုပြုနေစဉ်အတွင်း သွေးကြောအတွင်းဆေးသွင်းမှု ပျက်ယွင်းမှုဖြစ်သည်။ မြင်သာထင်ရှားသောမှားယွင်းမှုမှာ ဆေးရည်သွင်းကိရိယာမှ ဆေးရည်များဒလဟော ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဤအမှုတွင် ဖုံးကွယ်နေသော၊ မမြင်သာသော အားနည်းချက်များစွာရှိခဲ့သည်။ ဥပမာ
၁။ နှလုံးခွဲစိတ်စဉ်တွင် အရည်သွင်းစက်ပစ္စည်းများစွာကို တစ်ပြိုင်းတည်းအသုံးပြုခဲ့ခြင်း။ ပစ္စည်းတစ်ခုစီကိုအဆင့်ပေါင်းများစွာတပ်ဆင်ရမည့်ပစ္စည်းသုံးခုကို တပ်ဆင်ထားခြင်း။ တပ်ဆင်မှုအဆင့်တစ်ခုတိုင်းတွင် ဖွဲ့ စည်းပုံတစ်ခုလုံးကို အနှောက်အယှက်ဖြစ်စေနိုင်မည့် ဖြစ်နိုင်ခြေများရှိနေခြင်း။
၂။ ထိုလူနာအတွက်လိုအပ်သောဆေးသုံးမျိုးလုံးကို တစ်ပြိုင်တည်းတွက်ချက်၍ စက်များထဲသို့ အစီအစဉ်ချမှတ်ထည့်သွင်းရခြင်း။
၃။ ခွဲစိတ်ခန်းတည်ဆောက်ထားသောပုံစံသည်လည်း မေ့ဆေးဆရာဝန်ကြီးအနေဖြင့်ပစ္စည်းကိရိယာများကိုအချိန်တိုတိုအတွင်းတွေ့ မြင်စစ်ဆေးမှုမပြုနိုင်ပဲဖြစ်နေစေနိုင်ခြင်း။
၎။ သူနာပြုဆရာမအသစ်တစ်ဦးဖြစ်နေခြင်းသည်လည်း မေ့ဆေးဆရာဝန်ကြီးနှင့် သူနာပြုတစ်ဦးတို့ ၏ပုံမှန်ပြောဆိုဆက်ဆံမှုတွင် အဟန့် အတားသဖွယ်ဖြစ်နေခဲ့နိုင်သည်။ အမှန်မှာ မေ့ဆေးဆရာဝန်ကြီးနှင့် ပစ္စည်းတပ်ဆင်သောသူနာပြုတို့ အတွက် စံသတ်မှတ်ထားသော ပစ္စည်းစစ်ဆေးနည်း တိတိပပမရှိပါ။
၅။ သူနာပြုအသစ်၊ ၀န်ထမ်းအသစ်များကို လေ့ကျင့်ပြသပေးမှုအပိုင်းတွင် မလုံလောက်ခြင်း (သူနာပြုဆရာမက ပစ္စည်းတစ်ခုမှာ မိမိအသုံးမပြုဖူးကြောင်းသတိထားမိသည်ဆို၍)။ ၀န်ထမ်းအသစ်တစ်ဦးအဖို့ မှာ အခြားသူများထံအကူအညီတောင်းခံရန် တွန့် နေနိုင်သည်။ မည်သူ့ ထံအကူအညီတောင်းရမည်ကိုလည်း သိကောင်းမှသိနိုင်ပေမည်။
ဤအမှုတွင် ထုံးစံအရ ချမှတ်သော စီရင်ချက်မှာ သူနာပြုဆရာမအသစ်အား ပစ္စည်းများတပ်ဆင်ပုံနှင့်စပ်လျှဉ်း၍ သင်တန်းပြန်ပေးရန်၊ ပြန်လေ့ကျင့်သင်ကြားပေးရန်ဖြစ်သည်။ သို့ ရာတွင်ဤသို့ ပြုလုပ်လိုက်ခြင်းဖြင့်လည်း ပစ္စည်းကိရိယာများ၏ အားနည်းချက်များ၊ အသင်းအဖွဲ့ ၏ စီမံခန့် ခွဲမှု၊ ပြောဆိုဆက်ဆံရေး၊ အခန်းအနေအထား၊ ၀န်ထမ်းသစ်များအား အသားကျအောင်စီစဉ်ပေးနိုင်မှုဆိုင်ရာ အားနည်းချက်များကတော့ ကောင်းသွားနိုင်မည်မဟုတ်ပေ။ ထို့ ကြောင့် ဆေးရည်များ အထိမ်းသိမ်းမဲ့စွာ ကျဆင်းနိုင်မှုသည်လည်း ထပ်မံ၍ ဖြစ်ပွားနေဦးမည်သာဖြစ်သည်။
သို့ ဖြစ်သောကြောင့် လူတို့ ကပစ္စည်းကိရိယာများကိုမည်သို့ ကိုင်တွယ်အသုံးချနိုင်ပုံ၊ လူအချင်းချင်းမည်သို့ ပြောဆိုဆက်ဆံကြပုံတို့ ကိုထည့်သွင်းစဉ်းစားလျှက် ပို၍လုံခြုံစိတ်ချမှုရှိနိုင်မည့် နည်းစနစ်များကို တည်ဆောက်ရပေမည်။ ဥပမာ
၁။ ပစ္စည်းကိရိယာများကို အားနည်းချက်ရှိသည့်ပုံစံမှ လုံခြုံစိတ်ချရသည့်ဒီဇိုင်းသို့ ပြောင်းခြင်း။
၂။ ပစ္စည်းကိရိယာများစွာကို ပြိုင်တူသုံးရာတွင်တွေ့ နိုင်သည့်အခက်အခဲများကို နည်းပါးအောင်တီထွင်ခြင်း။
၃။ ကိရိယာများကိုဝယ်ယူရာတွင် အမျိုးအစားကွဲ၊ ပုံစံကွဲများများစွာဝယ်ယူခြင်းမှရှောင်ခြင်း။
၎။ ခွဲစိတ်မှုမစတင်မီ ပစ္စည်းကိရိယာများစစ်ဆေးမှုကို လွယ်ကူစွာလုပ်နိုင်ရန်စီမံထားခြင်း။
၅။ သူနာပြုအသစ်၊ ၀န်ထမ်းအသစ်များအား မိမိတို့ နှင့်လက်တွဲတာဝန်ကျသူများနှင့် နေသားကျအောင်စီစဉ်ပေးခြင်း။
၆။ အသင်းအဖွဲ့ နှင့်အလုပ်လုပ်ရာတွင်တွေ့ နိုင်သည့်အမှားအယွင်းများကို လျှင်မြန်စွာရှာဖွေဖေါ်ထုတ်ကာ အချင်းချင်းဆက်ဆံပြောဆိုဖြေရှင်းနိုင်ကြစေရန် အထောက်အကူပြုနိုင်မည့် ၀န်းကျင်မျိုး၊ အခင်းအကျင်းမျိုး ပြုလုပ်ပေးထားခြင်း စသည်တို့ ဖြစ်သည်။
ဤကိစ္စရပ်မျိုးတွင် လူမှုရေးဆိုင်ရာအချက်အလက်များနှင့်စပ်လျှဉ်း၍ ကျွမ်းကျင်မှုအထူးရှိသော သုတေသီများအနေဖြင့် အသင်းအဖွဲ့ ၏ပြဿနာကို စုံစမ်းထောက်လှမ်းမှုပြုရာတွင် များစွာအထောက်အကူပြုနိုင်ပေမည်။ သူတို့ က ခက်ခဲသည့်အခြေအနေများတွင် ကိရိယာများက မည်သို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စက်ကိရိယာများက ပုံမှန်အခြေအနေမျိုးတွင်မည်သို့ လုပ်ဆောင်၍ ပုံမှန်မဟုတ်သည့်အခြေအနေတွင်မည်သို့ လုပ်ဆောင်မည်ဖြစ်ကြောင်းစသည့် အသေးစိတ်များကို စုံးစမ်းပေးနိုင်ကြသည်။ သူတို့ ကပင် ခွဲခန်းမှသူနာပြုတို့ သည် သက်ဆိုင်ရာကိရိယာပစ္စည်းများကို ခွဲစိတ်မှုပြုနေစဉ်မည်သို့ ကိုင်တွယ်အသုံးပြုလေ့ရှိပုံ၊ ပစ္စည်းများစွာကိုတစ်ပြိုင်တည်း အပြန်အလှန်မည်သို့ အသုံးချပုံတို့ ကိုလည်း စိတ်ရှည်လက်ရှည်စောင့်ကြည့်လေ့လာသုံးသပ်ပေးနိုင်ကြသည်။
ဒေါက်တာ ရီရီဝင်း
ဆေး-မန်း
စာကိုး။ ။ To Err Is Human: Building A Safer Health Syste