စိတ်အာဟာရကို စာဖတ်ခြင်းဖြင့်ဖြည့်တင်းကြပါစို့
စာများများ ဖတ်သင့်ပါတယ်။ စာရေးဆရာတွေဟာ သူတို့ရဲ့ ဦးနှောက်မှာ ရင်းနှီးမြှုပ် နှံထားတဲ့ အဆီအနှစ်တွေကို ခွန်အားတစ်ရပ် ဖြစ်စေနိုင်တဲ့ စေတနာနဲ့ ရှုတောင့် မျိုးစုံ၊ နေရာမျိုးစုံကနေ ကလောင်ဝင့်တက်ကြပါတယ်။ သူတစ်ယောက်ထည်းသိရုံနဲ့ မလုံလောက်တဲ့ အကြောင်းအရာကို စာနဲ့ ဖွင့်ဖကြပါတယ်။ ဒါကြောင့် အဖိုးတန်ပါတယ်။ စာဖတ်ကြပါဆို့တဲ့စေတနာပါ။
ကျွန်တော်တို့ငယ်စဉ်က အခုခေတ်လောက် စာအုပ်ပေါများခြင်းမရှိခဲ့ပါ။ ဒါပေမယ့် ဒီခေတ်ထက်တော့ စာအုပ်ဈေးနှုန်းသက်သာတယ်။ စာအုပ်တစ်အုပ်နှစ်ကျပ်၊ သုံးကျပ်ပဲရှိပါ တယ်။ ၁၅ ကျပ်ဆိုရင် အတော်ဈေးကြီးနေပါပြီ၊ ဒါပေမယ့် ၀ါသနာပါသူကတော့ စာအုကပ်ဈေး ဘယ်လောက်ဖြစ်ဖြစ် ၀ယ်တယ်၊ ဖတ်တယ်၊ ကျွန်တော့် အနေနဲ့ ၀ါသနာအရ မိဘပေးတဲ့ မုန့်ဖိုးထဲက ငွေစအချို့ကို ကာတွန်းကအစ သတ္ထုစာအုပ်အမျိုးမျိုး ၀ယ်ဖတ်ခဲ့တာ ကြောင့် စာပေကို အခွန်အားတစ်ရပ်အဖြစ် မြင်တက်တဲ့အသိ ငယ်စဉ်ကပင် ရှိခဲ့ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က ၀ယ်မဖတ်နိုင်တဲ့စာအုပ်ကို စာကြည့်တိုက်မှာ သွားဖတ်တာ၊ အငှားဆိုင်မှာငှားဖတ်တာ၊ ၀ယ်ထားတဲ့သူဆီက အဏတောင်းဖတ်တာတွေရှိခဲ့ပေမယ့် ဒီခေတ်လူငယ်တွေကတော့ စာဖတ်အားနည်းသွားတယ်၊ အားနည်းနေတယ်လို့ထင်ပါတယ်။
အရည်အချင်းပြည့်ဝတဲ့ သူတွေဖြစ်လာဖို့ ငယ်စဉ်ကတဲက အရည်အသွေးပြည့်အောင် စာပေဖတ်ရှုလေ့လာကြဖို့ လိုပါတယ် မိမိကိုယ်ကို ပြုစုပျိုးထောင်ရာမှာ စဖတ်ခြင်းဟာ အကောင်းဆုံးလက်နက်၊ အကောင်းဆုံး ပညာရပ် လို့ ဆိုပါတယ်။ ကမ္ဘာမှာ စစ်ဘုရင်အဖြစ်ကျော်ကြားခဲ့တဲ့ ဖီးမာရှယ်မောင်ဂိုမာရီက " ကျောင်းနေစဉ် အချိန်တစ်နာရီကို အကြောင်းမဲ့ ဖြုန်းတီးခဲ့လျှင် မိမိ၏ အနာဂတ်ဘ၀တွင် မကောင်းဖြစ်ရပ်တစ်ခုအတွက် အခွင့်အလမ်းတစ်ခုကိုဖန်တီးသည်နှင့် တူပါသည်" လို့ ရေးခဲ့ဖူးပါတယ်။
ကျွန်တော်တို့ငယ်စဉ်က စာဖတ်ဝါသနာအရ ပုံပြင်တွေ ဖတ်ရတာက တက္ကသိုလ် ဘုန်းနိုင်၊ ညိုဝင်၊ ရွှေဥဒေါင်း၊ ဗန်းမော်တင်အောင်နဲ့ ဘာသာပြန်စာအုပ်တွေ ဖတ်တက်လာလို့ စာအရသာကိုတွြေ့ီ့းစိတ်ကုယဉ်စရာ၊ တွေးစရာ တွေကို ရရှိခဲ့ပါတယ။ စာဖတ်တယ်ဆိုတာ အပေါင်းအသင်းလည်း လိုပါတယ။ သူဖတ်တဲ့စာအုပ်၊ ကိုယ်ဖတ်တဲ့စာအုပ် အကြောင်းတွေ ပြောရင်း အတွေးဖလှယ်တာ၊ အမြင်ဖလှယ်တာတွေဟာ ဘ၀လမ်းကြောင်း ပဲ့ပြင်ထိန်းသိမ်းမှု့ ရဲ့ မိတ်ဆွေကောင်းနဲ့ ပေါင်းဖော်ခြင်းပါပဲ။ လောင်းကစားသမားနဲ့ပေါင်းရင် လောင်းကစား သမားဖြစ်မယ်၊ အရက်သမားနဲ့ပေါင်းရင် အရက်သမားဖြစ်မယ်။ "အပေါင်းကြောင့် ဂုဏ်တက် တယ်။အပေါင်းကြောင့် ဂုဏ်ပျက်တယ်။"ဆိုတဲ့ စကားဟာ လက်တွေ့ ကိုယ်နေထိုင်ဆက်ဆံ နေတဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် မှားသလား၊ မှန်သလား၊ မှန်ခဲ့သလား၊ မှားခဲ့သလား၊ ဒါဆို ပြင်လို့ရသလား၊ မရဘူးလား စသည်ဖြင့် စသည်ဖြင့် ဝေဖန်ပိုင်းခြားပြုပြင်သွားဖို့ လိုပ်ပါတယ်။ ဘ၀ကို ပြုပြင်ဖို အချိန်နောက်ကျသွားတယ်ဆိုတာ မရှိပါဘူး။ သိတဲ့အချိန်မှာ ပြင်လိုက်လို့ ကောင်းသွားတယ်ဆိုရင် ဂုဏ်တက်စရာတွေက အသက်မသေသရွေ့ ရှင်သန်ထမြောက်နေမှာပဲ။
မိဘဆရာတွေအနေနဲ့လည်း တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကို ဖန်တီးမယ့် လူငယ်တွေ၊ မိမိတို့ရဲ့ သားသမီးနဲ့ တပည့်တပန်းတွေ ဘယ်လမ်းကို သွားနေသလဲ၊ ဘယ်နေရာမှာ အချိန်တွေ ကုန်နေသလဲလို့ အလေးထားပြီး ဂရုစိုက်ကြရပါမယ်။ စောင့်ရှောက်ကြရပါမယ်။ အသိတရားနဲ့ ဆင်ခြင်တုံတရားတွေကို မြင့်မားစေတဲ့ စာဖတ်ခန်းတွေ၊ စာကြည့်တိုက်တွေ၊ စာအုပ်ပုံတွေဆီကို ခေါ်သွားဖို့ တာဝန်ရှိနေကြပြီလို့ ထင်မြင်ပါတယ်။
ကျွန်တော်ခရီး သွားတိုင်း နိုင်ငံခြားသားများနဲ့ ဆုံလေ့ရှိပါတယ်။ ဆုံတိုင်းလည်း ထူးခြားတာက သူတို့လက်ထဲမှာ စာအုပ်ကိုယ်စီရှိနေကြတယ်။ မမြင်ဖူးတဲ့ ပတ်ဝန်းကျင်ကို လေ့လာကြ၊ဓာတ်ပုံရိုက်ကြတာကလွဲလို့ ကျန်တဲ့အချိန်မှာ စာဖတ်နေတာကိုပဲ မြင်နေရပါ တယ်။ ဒါကိုကြည့်ရင် အလကားမနေဘူး ဆိုတဲ့ သဘောပါပဲ။
အရည်အချင်းမြင့်မားနေအောင်၊ အရည်အသွေးတက်နေအောင် ခွန်အားတွေမွေးမြူပြီး အနာဂတ်နိုင်ငံတော်ရဲ့ ကျရာ အခန်းကဏ္ဍမှာ ပီပြင်အောင်ပါဝင်နိုင်ဖို့၊ ဓားသွေးနေဖို့ လိုပါတယ်၊ အတွေးအခေါ် အယူအဆတွေ၊ ကမ္ဘာနဲ့ ပညာရပ်တွေ၊ မြင့်မြတ်တဲ့ စိတ်နှလုံးသား တွေရှိနေဖို့၊ Personality ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားနေဖို့ ကြိုးစားကြရပါမည်။
တစ်ရက်မှာ ၂၄ နာရီရှိတယ်၊ အိပ်ချိန် ၈နာရီနုတ်ရင် ၁၆ နာရီကျန်တယ်၊ အလုပ်ချိန် ၈ နာရီနုတ်ရင် ၈နာရီ ကျန်သေးတယ်၊ စားချိန်၊ သွားချိန်၊ ဗာဟီရတွေနုတ်လိုက်ရင် လေးနာရီ တော့ ကျန်ပါသေးတယ်၊ တစ်နေ့ကို ဘယ်နှစ်နာရီ စာဖတ်သလဲ…၊ စာဖတ်ချိန် သင့်တော်သ လောက်ပေးသင့်ကြပါတယ်။
မြန်မာ့ရာဇ၀င်က ရာဇဓိရာဇ်အရေးတော်ပုံကျမ်း၊ ဦးကုလားရာဇ၀င်ကျမ်း၊ မြန်မာမင်း များအရေးတော်ပုံ၊ ဓည၀တီအရေးတော်ပုံ၊ ကုန်းဘောင်ရာဇ၀င် စတဲ့ ရာဇ၀င်စာပေတွေကို ဖတ်ဖူးထားသင့်ပါတယ်။
စာများများဖတ်ကြဖို့ ကျွန်တော်ရဲ့စေတနာနဲ့ တိုက်တွန်းချက်များအပြီးမှာ ဆောင်းကို ကမ္ဘာ့စာပေပညာရှင် တစ်ဦးရဲ့ အဆိုအမိန့်လေးကို ဖောက်သည်ချရင်း နိဂုံးချုပ်လိုက်ပါတယ်။
"ဘ၀တွင်အောင်မြင်တိုးတက်လိုသူတစ်ဦးသည် ပတ်ဝန်းကျင်ဖြစ်ပေါ်မှုမှန်သမျှကို မျက်ခြည်မပြတ်လေ့လာ ဆည်းပူးနေရသည်၊ ယင်းလေ့လာမှုများထဲ၌ စာဖတ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ စာဖတ်ခြင်းသည် မိမိစိတ်ကို အာဟာရ ဖြည့်တင်းပေးခြင်း လည်းမည်သည်၊ ခေါင်းဆောင်ဟူသမျှ စာဖတ်နေသူများဖြစ်ကြလေ့ရှိ၏" လို့ဆိုထားပါတယ်။
မောင်မိုးယံ (16.3.09 ကြေးမုံသတင်းစာပါ ဆောင်းပါ)