အချိန်သည် လူတိုင်းကိုဝါးမျိုနေ၏။
ထိုဝါးမျိုးနေသောအချိန်ကို အသိပညာ လုံးလ၀ီရိယဖြင့်
ပြန်လည် ၀ါးမျိုးနိုင်သောသူသည် အချိန်၏ ၀ါးမျိုခြင်း
ခံရသော လူသားတို့တွင် အောင်မြင် ကြီးမြတ်သော
လူသားအာဇာနည် တစ်ယောက်ဖြစ်သည်။
ကာလော ဃသတိ ဘူတာနိ၊
သဗ္ဗာနေ၀ သဟတ္တနာ၊
ယော စ ကာလဃသော ဘူတော၊
သဘူတ ပဇနိံ ပဇိ။
မှတ်သားသင့်သော စာသားလေးတစ်ခုပါ။ ပညာရှိ ပညာမဲ့၊ ဥစ္စာရှိ ဥစ္စာမဲ့၊ ဘာသာတူ
ဘာသာခြား၊ လူမျိုးတူ လူမျိုးခွဲဟု မည်သို့ပင် ပညတ်ဝေါဟာရအရ Labelတွေ
ခွဲခြားထားစေကာမူ အသက်ရှိသတ္တ၀ါအားလုံးကို အချိန်သည် ၀ါးမျိုနေသည်မှာ
အမှန်ပင်ဖြစ်၏။
မနက်အိပ်ယာထသည်နှင့် နေ့ရက်တစ်ခုပေါ်လာတိုင်း နေ့သစ်ဟုသတ်မှတ်ကာ ပျော်သူပျော်
မော်သူမော်ဖြစ်ကြနေသူများအတွက် မနေ့ကထက် ထိုနေ့သည် ရုပ်ပိုင်းဆိုင်ရာ
အသက်ပိုင်းဆိုင်ရာ တစ်ရက်ကြီးရင့်သွားသည်ကို သတိထားမိကြမည် မဟုတ်။ တစ်နေ့
တစ်နေ့ရှေ့ တိုးလာခြင်းသည် တရွေ့ ရွေ့ ယိုယွင်းလာခြင်းဖြစ်သည်။
ပျိုနုလာခြင်းမဟုတ်သည်ကို မိမိထက်အသက်ကြီးသူများကို သတိကပ်ကာ
ပညာဖြင့်ကြည့်လိုက်ပါ။
တစ်နေ့တစ်နေ့ဖြင့် တရွေ့ ရွေ့ ယိုယွင်းခြင်းသို့ပို့ဆောင်ပေးနေသော အချိန်သည်
လူကိုမသိမသာဝါးမျိုနေခြင်းဖြစ်သည်။ အိုလို့အို မှန်းမသိ နာလို့နာမှန်းမသိ
မေ့လျော့ကာ အချိန်ဖြုန်းနေသူများအတွက် အတော်ပင် စိတ်မသက်သာဖွယ်ဖြစ်သည်။
ဝါးမျိုခံနေရ သောအချိန်အတွင်း အကျိုးစီးပွားဖြစ်ထွန်းအောင်
မစွမ်းဆောင်နိုင်ကြပဲ စားသောက်ယစ်မှုးနေသူများသည် အချိန်၏၀ါးမျိုခံရခြင်း
ကိုမသိခြင်းကြောင့်သာဖြစ်သည်။
အာဇာနည်ဟု အများသိနေသူများသည် အချိန်၏၀ါးမျိုခြင်း ခံရသော်လည်
ပြန်လည်အကျိုးမြတ် ရရှိအောင် ထိုအချိန်ကိုပင် ပြန်လည် အသုံးချတက်သောကြောင့်သာ
လူအများတွင် လူတကာတို့ထက်သာသောလူသား တစ်ယောက်ဖြစ်ရသည်။ မြတ်စွာ ဘုရားရှင်သည်ပင်
ဘုရားဖြစ်နိုင်ဖို့အတွက် လေသင်္ချေကမ္ဘာတစ်သိန်းဟူသော အချိန်ကာလတစ်ခု၏
ဝါမျိုခြင်းကိုခံခဲ့ရသည်။ ထိုအချိန်ကာလတစ်ခုအတွင်းပင် ဘုရားဖြစ်နိုင်မည့်
လမ်းစဉ်များကို ထက်သန်သောဆန္ဒ (ဆန္ဒာဓိပတိ) မလျော့သောဝီရိယ
(၀ီရိယာဓိပတိ)ခိုင်မြဲသောစိတ်ဓာတ် (စိတ္တာဓိပတိ) တည်ကြည်သောသမာဓိပညာ
(၀ီမံသာဓိပတိ)တို့ဖြင့် မနားမနေကြိုးစား တော်မူခဲ့သည်။
ဘုရားအဖြစ်သို့ရောက်တော်မူလာသည့် နောက်ဆုံးဘ၀၌ပင် နှစ်(၈၀)ဆိုသည့်
အချိန်ကာလအတွင်းမှာပဲ အပြင်းအထန်ကြိုးစား အားထုတ်တော်မူခဲ့ရသည်။
ထိုနှစ်ပေါင်း(၈၀)အချိန်ကာလသည် ဘုရားရှင်ကိုပင် ၀ါးမျိုးခဲ့သည်။
ထိုအချိန်ကာလကိုပင် အသုံးချ နိုင်တော်မူခဲ့သဖြင့် အမှန်တရားကို ကိုယ်တိုင်သိ
တပါးသူတို့ကိုလည်း သိစေနိုင်သည့် ဗုဒ္ဓအဖြစ်သို့ရောက်ရှိတော်မူခဲ့သည်။
ထိုနောက် ယခု မြတ်စွာဘုရားချန်ထားခဲ့သည့် သာသနာသည်ပင် အနှစ် ၂၅၅၀ကျော်သို့
ရောက်ရှိခဲ့တည်ရှိနေသကဲ့သို့ပင်
ဘုရားရှင်သည် ၀ါးမျိုနေသော အချိန်ကာလကို အသုံးချနိုင်သည့်အတွက် ယနေ့ကမ္ဘာတွင်
စစ်မှန်သည့်တရားများကို လူသား အားလုံး သတ္တ၀ါအားလုံးအတွက် လမ်ညွန်နိုင်ခဲ့သည်။
အရှင်သာရိပုတ္တရာအစရှိသည့် အရိယာအာဇာနည်အရှင်မြတ်တို့သည်လည်း အချိန်ကာလ၏
ဝါမျိုးခြင်းကိုခံရသော်လည်း ပြန်လည် အသုံးချကာ အဂ္ဂသာဝကအဖြစ်ကို ရယူခဲ့သည်။
နိုင်ငံရေးလောက၊ လူမှုရေးလောက၊ စီပွါးရေလောကအစရှိသည့် လူလောကမျိုးစုံတွင်
အများတကာထက် ထူးကဲနေသူများသည် လည်း အချိန်ကို အများနည်းတူ ၀ါးမျိုခံနေရသော်လည်း
ပြန်လည်ဝါမျိုနိုင်သည့်အတွက်ကြောင့် အများတကာထက် ထူးချွန်သည့်
လူ့ဇာနည်များဖြစ်ကြရပေသည်။
ထိုကြောင့် နေ့စဉ်နဲ့အမျှ အချိန်သည် ၀ါးမျိုလျက် အိုခြင်း နာခြင်း
သေခြင်းဆီသို့ မောင်းနှင်ပို့ဆောင်နေသည်။ မိမိကို ၀ါးမျိုးနေသည့် အချိန်ကို
ပြန်လည်အသုံးချ ၀ါးမျိုနိုင်ဖို့ အသိ ပညာများဖြင့်ကြိုးစားအားထုတ်ကာ
ကြီးကျယ်မြင့်မြတ်သော လူ့အာဇာနည်တစ်ယောက်ဖြစ်အောင် ကြိုးစားကြပါစို့ဟု.....
Posted by အရှင်နာယကာလင်္ကာရ