မိုးကောင်းကင် အောက်သို့ ရောက်လာကြသူအားလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေ
     Home
     အင်တာနက်
     ဆောင်းပါး
     => ခေတ်လူငယ်နှင့်အင်တာနက်
     => ချစ်ရတာ...မလွယ်ပါလား
     => အချစ်ဆိုတာ..
     => Online Love!
     => တစ်ပွင့်နှင်းဆီ
     => ဘယ်ချိန်ဖုန်းဆက်မလဲ
     => ပညာသည်
     => Pay it Forward
     => မှတ်သားထားရန်
     => ကျောက်ခဲ
     => ဆူးနဲ့သစ်ပင်
     => ငွေရောင်ငှက်နဲ့ရွှေရောင်ငှက်
     => valentine day
     => ယောက်ျားနှင့် မိန်းမ
     => စိတ်အာဟာရ
     => ဘ၀မြေသြဇာ
     => စိတ်ညစ်ပျောက်ဖို့
     => ချစ်ခြင်းနှင့် ရူးသွပ်ခြင်း
     => အချစ်စစ်ရဲ့ရုပ်ပုံလွှာ
     => ဆက်သွယ်ရန်
     => ကော်ဖီတစ်ခွက်
     => Question & Answer
     => ချစ်နိုင်ပါစေ
     => ကောင်လေးနဲ့ ကောင်မလေး
     => လူငယ်၊ နှင့် အင်တာနက်ရာဇ၀တ်မှုများ
     နည်းပညာများ
     ကဗျာများ
     ဟာသများ
     ဒဿနစာစုများ
     ဓမ္မဒါန
     မြန်မာWebSiteများ
     အမှတ်တရ
     ဘလော့ Roll
     မဂ္ဂဇင်းလေးတွေ
     ကျောက်ကွင်းဝါဒပြိုင်ပွဲ
     မိုက်ကယ်ဂျက်ဆင်
     ကျန်းမာရေး
     သတင်းများ



မိုးကောင်းကင် - တစ်ပွင့်နှင်းဆီ


ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော ထိုနွေဦးရာသီတလျှောက်လုံး
စနေနေ့ညရောက်ပြီဆိုတိုင်း ကျနော်သည် မစ္စကယ်ရိုလင်းထံသို့ နှင်းဆီပန်းတပွင့်
သွားပို့ရပါသည်။ ရာသီဥတုကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊
မိုးတွေရွာသွန်းနေသည်ဖြစ်စေ စနေနေ့ညဆိုလျှင် ရှစ်နာရီ ဒေါင်ခနဲထိုးသည်နှင့်
မစ္စကယ်ရိုလင်းထံအရောက် နှင်းဆီပန်းကို ပို့ရစမြဲ။

 ပို့ပေးရသည့် နှင်းဆီပန်းသည် အမြဲတန်းပင် ဆိုင်တွင်ရှိသမျှပန်းများအနက်
အလှဆုံး၊ အမွှေးဆုံးပန်းဖြစ်ပါသည်။

ယင်းပန်းမြတ်နှင်းဆီကို အဘိုးကြီး သြဆန်သည် အစိမ်းရောင် တစ်ရှူးစာရွက်များ၊
သစ်ရွက်ရှည်များဖြင့် ဖုံးအုပ် ထုပ်ပိုးနေသည်ကို ကျနော် စောင့်ကြည့်မည်။
ပြီးနောက် ယင်းနှင်းဆီပန်းထည့်ထားသော သေတ္တာပုံးရှည်ရှည်ကို ယူကာ
တိတ်ဆိတ်ငြိမ်သက်သော လမ်းများအတိုင်း စက်ဘီးကိုအားကုန်နင်း၍ မစ္စကယ်ရိုလင်းထံ
ပို့မည်။

 ထိုနွေဦးရာသီတွင် ကျောင်းဆင်းချိန်နှင့် စနေနေ့တို့၌ သြဆန် ပန်းဆိုင်အတွက်
ပန်းပို့ပေးသည့်အလုပ်ကို ကျနော် လုပ်နေခဲ့သည်။ တပတ်လျှင် သုံးဒေါ်လာမျှသာပါ၏၊
သို့သော် သုံးဒေါ်လာ ဟူသောငွေသည် ဆယ်ကျော်သက်အရွယ် ကျောင်းသားငယ်တယောက် အတွက်ကား
အတော်များပါသည်။

 အစကတည်းကပင် ယင်းနှင်းဆီပန်းတို့နှင့်ပတ်သက်၍ သို့မဟုတ်
နှင်းဆီပန်းများပို့ပေးရသည့် အလုပ်နှင့်ပတ်သက်၍ ထူးခြားမှု တခုတော့ရှိနေခဲ့သည်
အမှန်ပင်။

ပထမဆုံး နှင်းဆီပန်းများကိုသွားပို့သည့်ညက ပန်းပို့ရာတွင် ရေးသားပါတတ်သော
ကဒ်ပြားကိုမတွေ့သဖြင့် ထည့်ဖို့မေ့သွားလေသလား ဟု အဘိုးကြီးသြဆန်ကို
ထောက်ပြလိုက်ပါသည်။ ထိုအခါ အဘိုးကြီးသြဆန်က ကျွန်တော့်ကို စေ့စေ့ကြည့်သည်။
မျက်နှာပေါ်က မျက်မှန်ကိုဖြတ်ကျော်၍ သူကြည့်နေပုံမှာ ဥစ္စာသိုက်စောင့်တဦးက
မစမည့်သူတဦးကို ကြည့်ပုံမျိုး။

 "ဘာကဒ်မှမပါဘူး ဂျိမ်းစ်"

 အဘိုးကြီး သြဆန်သည် ကျနော့်ကို ဂျင်မီ ဟု ဘယ်တော့မှ မခေါ်ပါ။

 "နောက်ပြီးတော့ကွာ ဒီနှင်းဆီပန်းကိုပို့တဲ့သူက ဒီကိစ္စကိုတတ်နိုင်သလောက်
တိုးတိုးတိတ်တိတ် ဖြစ်စေချင်တယ်။ လူမသိစေချင်ဘူး။ ဒါကြောင့် ဒီကိစ္စကို
မင်းတယောက်ပဲသိပါစေ။ တခြားဘယ်သူကိုမှ မပြောနဲ့။ ဟုတ်ပြီနော်"

 မစ္စကယ်ရိုလင်းတယောက် နှင်းဆီပန်းတွေရရှိသည့်အဖြစ်ကို ကျနော်
ဝမ်းမြောက်မိပါသည်။ သူနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်စရာ ရှိနေသောကြောင့်
ဖြစ်သည်။ သည်အကြောင်းကို ကျနော်တို့တမြို့လုံး သိကြပါသည်။ သူကား
အဆိုးရွားဆုံးသော ကံကြမ္မာမုန်တိုင်း၏ ဒဏ်ကို ခံခဲ့ရသူဖြစ်ပါ၏။ သူ လက်ထပ်မည့်သူက
သူ့အပေါ် သစ္စာဖောက်ပြီး စွန့်သွားခဲ့သည်။

 မစ္စကယ်ရိုလင်းသည် ဂျက်ဖရီပင်နီမန်နှင့် နှစ်ပေါင်းများစွာကြာအောင်
စေ့စပ်ကြောင်းလမ်းထားခဲ့ပါသည်။ ပင်နီမန်ကား ကျနော်တို့မြို့က လူပျိုများထဲတွင်
အတော်ဆုံးလူပျိုတယောက်။ ဂျက်ဖရီက ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်အောင်
ကြိုးစားနေသည့်အခိုက်တွင် မစ္စကယ်ရိုလင်းသည် အစောင့်ကြီးစောင့်နေခဲ့သည်။
အလုပ်သင် ဆရာဝန်ဖြစ်ချိန်ရောက်တော့ ပန်နီမန်က သူ့ထက် ပိုမိုနုပျိုချာမောသော
မိန်းကလေးတယောက်နှင့် ချစ်ကျွမ်းဝင်ကာ လက်ထပ်ထိမ်းမြားလိုက်ပါသည်။

 ပင်နီမန်၏လုပ်ရပ်ကို အကျင့်ပျက်မှုကြီးတခုအဖြစ် ဝိုင်းဝန်းပြောဆိုကြသည်။

 "ယောက်ျားတွေဟာ တကယ့်တိရစ္ဆာန်တွေပဲ။ ပင်နီမန်ဆိုတဲ့ကောင်ကို
မြင်းရိုက်ကြာပွတ်နဲ့ နာနာနှက်ဖို့ကောင်းတယ်" ဟု ကျနော့်အမေက ပြောပါသည်။

 အဖေကတော့ အမေနှင့်ပြောင်းပြန်။

 "ကိုယ့်ကိုလက်သင့်ခံမယ့် အချောအလှဆုံး မိန်းကလေးကို လက်ထပ်ရေးဟာ
ယောက်ျားတိုင်းရဲ့အခွင့်အရေးပဲကွ။ ဒါတောင်မဟုတ်သေးဘူး၊ တကယ်ပြောရရင်
ယောက်ျားတွေရဲ့ မြင့်မြတ်တဲ့တာဝန်ပဲကွ" ဟု ပြောပါသည်။

 ပန်နီမန် လက်ထပ်ယူသွားသော မိန်းကလေးသည် တကယ့်အလှမယ်တပါးဖြစ်၏။
မြို့ကြီးသူတယောက်ဖြစ်၍ အမည်သညာ ခေါ်စရာကား ခရစ္စတင်းမာလိုဝီ တဲ့။ ခရစ္စတင်းသည်
ကျနော်တို့မြို့သို့ ယောင်နောက်ဆံထုံးပါ ရောက်ရှိနေထိုင်ရသည့်အခါ ထုံးစံအတိုင်း
မြို့ခံအမျိုးသမီးတို့၏ အတင်းအဖျင်းပြောဆိုမှု၊ ပစ်ပစ်ခါခါလုပ်မှုတို့ကိုခံရပြီး
အနေခက်အထိုင်ခက် ဖြစ်ရရှာသည်။

 ကံခေသော မစ္စကယ်ရိုလင်းလည်း ဘဝပျက်သည်အထိ ခံစားရပါသည်။

 ခြောက်လတိတိကြာအောင် လူရှေ့သူရှေ့မထွက်ဘဲ အိမ်တွင်းပုန်းလုပ်နေသည်။ သူ
ဦးစီးနေသည့် အမျိုးသမီးရှေ့ဆောင်အသင်းကို လည်း လှည့်မကြည့်တော့။
လူမှုရေးကိစ္စမှန်သမျှကို ကျောခိုင်းလိုက်သည်။ အဆုံးစွန်အားဖြင့် ဘုရားကျောင်း၌
အော်ဂင်တီးသည့် အလုပ်ကိုပင် ငြင်းဆန်ပါသည်။

 စင်စစ် မစ္စကယ်ရိုလင်းသည် အိုစာသူတယောက်လည်းမဟုတ်သလို အကျည်းတန်
အရုပ်ဆိုးသူလည်းမဟုတ်။ သို့သော် သူကား သူ့ကိုယ်သူ ခပ်ကြောင်ကြောင်
မိန်းမအိုကြီးတယောက်အဖြစ်သို့ ပြောင်းလဲပစ်ရန် စိတ်ဆုံးဖြတ်လိုက်ပုံရသည်။

 ပထမဆုံးနှင်းဆီပွင့်ကို သွားပေးသည့်အချိန်က ကျနော်မြင်ရသည့် သူ့အသွင်ပြင်မှာ
တစ္ဆေလိုလို၊ သရဲလိုလိုမျိုး ပေါက်နေပါသည်။

"ဟယ်လို ဂျင်မီ" ဟု နှုတ်ဆက်သော်လည်း လေသံခပ်ယဲ့ယဲ့။ နှင်းဆီပန်းထည့်သည့်ပုံးကို
လှမ်းပေးလိုက်တော့ တအံ့တသြဖြစ်ပြီး တုန်လှုပ်သွားသည်။ ပါးစပ်ကလည်း
စကားတခွန်းထွက်လာ၏။

 "ဒါဟာ ငါ့အတွက်တဲ့လား"

 နောက်စနေနေ့ညမှာလည်း သည်အချိန် သည်နာရီတွင်ပင် နှင်းဆီပန်းတပွင့်
သွားပို့ရပြန်သည်။ နောက်ထပ် စနေနေ့ညမှာလည်း နှင်းဆီတပွင့်။
တတိယအကြိမ်မြောက်သွားပို့သည့်အခါ ကျနော် သူ့အိမ်ရှေ့ရောက်သည်နှင့် သူက
အိမ်တံခါးကို အလျင်အမြန် ဖွင့်ပေးသည်။ ကျနော့်ကို သူမျှော်နေကြောင်း
သိလိုက်သည်။ သူ့ပါးပြင်ကလည်း သွေးရောင်နည်းနည်း သန်းလျက်။ ဆံပင်ကလည်း ယခင်ကလို
ဖွာလန်ကျဲမနေတော့။

 စတုတ္တအကြိမ်မြောက် နှင်းဆီပန်းပို့ပြီးသည့်နောက် တနင်္ဂနွေနံနက်တွင်ကား
မစ္စကယ်ရိုလင်းသည် ဘုရားကျောင်းအတွင်း၌ အော်ဂင်ပြန်တီးနေလေပြီ။
နှင်းဆီပန်းကိုလည်း သူဝတ်သည့် ဘလောက်အင်္ကျီမှာ တွယ်ချိတ်ဖြင့် တွယ်ထားသည်။
အော်ဂင်တီးသည့်အခါ ခေါင်းကိုအောက်သို့ မငုံ့ဘဲ မတ်မတ်ထား၍ တီးသည်။
သတို့သမီးအလှမယ်ကလေးနှင့် ယှဉ်တွဲထိုင်နေသော ဒေါက်တာ ပင်နီိမန်ရှိရာ
ခုံတန်းဘက်သို့ကား တချက်ကလေးမျှ စောင်းငဲ့ကြည့်ခြင်းမရှိ။

 "တကယ့်သတ္တိခဲမလေး ဟဲ့။ တကယ့် ရဲရဲတောက်မလေး ဟဲ့" ဟု ကျနော့်အမေက ပြောပါသည်။

 ကျနော်သည် တပတ်ပြီးတပတ် နှင်းဆီပန်းများ ဆက်ပို့နေခဲ့သည်။
မစ္စကယ်ရိုလင်းသည်လည်း တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေကို
ပြန်လည်ရရှိလာပါသည်။ ယခုအခါတွင်ကား
သူ့ဘက်က ဂုဏ်ယူဝင့်ကြွားစရာရှိလာလေပြီ။ လက်မထောင်မည်ဆိုလျှင် ထောင်နိုင်
လောက်ပြီ။ အပြင်ပန်းအမြင်မှာကတော့ သူသည် အရှုံးပေးလိုက်ရသူ။ သို့သော် တကယ်က
သူသည် ချစ်ခင်မြတ်နိုးမှုခံနေရဆဲသူဖြစ် ပါ၏။

 ကျနော့်အတွက် နောက်ဆုံးနှင်းဆီပွင့်သွားပို့ရသည့်ညသို့ ရောက်လာပါသည်။
ကျနော်သည် နှင်းဆီပန်းထည့်ထားသည့် သေတ္တာပုံးကို လှမ်းပေးရင်း …

 "ကျနော့်အတွက်တော့ ဒါဟာ နောက်ဆုံးအခေါက်ပဲ မစ္စကယ်ရိုလင်းရေ။ လာမယ့် အပတ်ထဲမှာ
ကျနော်တို့ပြောင်းကြတော့မယ်။ မစ္စတာသြဆန်ကတော့ ခင်ဗျားဆီကို နှင်းဆီပန်းတွေ
ဆက်ပို့ပေးမယ် ပြောပါတယ်ခင်ဗျ" ဟု ပြောလိုက်သည်။

 မစ္စကယ်ရိုလင်းသည် အတန်ငယ် တွေသွားပါသည်။ ထို့နောက် …

 "အထဲကို ခဏလောက်ဝင်ပါဦးလား၊ ဂျင်မီ" ဟု ပြောသည်။

 သပ်သပ်ယပ်ယပ်ရှိလှသော ဧည့်ခန်းထဲသို့ ခေါ်သွားပါသည်။ ထို့နောက် မီးလင်းဖို၏
စင်ပေါ်က လက်ရာမြောက်လှသော သင်္ဘောရုပ်ကလေးကိုယူကာ …

 "ဒီအရုပ်ကလေးဟာ ငါ့အဖိုးပိုင်တဲ့အရုပ်ပဲ။ မင်းကို ဒီအရုပ်ကလေး
ပေးလိုက်ချင်တယ်။ မင်းဟာ ငါ့ဆီကို ပျော်ရွှင်ချမ်းမြေ့မှုတွေကို ယူဆောင်လာတဲ့သူပဲ
ဂျင်မီ။ အင်း … မင်းယူလာတဲ့ နှင်းဆီပွင့်တွေရောပေါ့ကွာ"

 နှင်းဆီပန်းထည့်ထားသော သေတ္တာပုံးကို သူ ဖွင့်လိုက်သည်။ ထို့နောက်
ပွင့်ချပ်နုနုလေးများကို လက်ဖြင့် အသာထိကိုင်လိုက်သည်။

 "ပန်းပွင့်ကလေးတွေဟာ ဘာမှ အသံမထွက်ကြပေမယ့် စကားတော့ တော်တော်ပြောတဲ့
ပန်းကလေးတွေပဲကွဲ့။ ကုန်လွန်ခဲ့တဲ့ စနေနေ့တွေအကြောင်းကို သူတို့ပြောနေကြတယ်။
ပျော်ရွှင်စရာကောင်းတဲ့ စနေနေ့ညတွေပေါ့ကွယ်။ နောက်ပြီး သူတယောက်တည်း
အထီးကျန်ဖြစ်နေတဲ့အကြောင်းလည်း ပြောသေးတယ်ကွဲ့"

 မစ္စကာရိုလင်းသည် သူပြောလိုက်သည့် စကားလွန်သွားပြီဆိုသည့်ပုံမျိုးဖြင့်
သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

 "သွားတော့ ဂျင်မီ၊ သွားတော့နော်"

 ကျနော်သည် ရွက်လှေသင်္ဘောရုပ်ကလေးကို လက်ဖြင့် မြဲမြဲဆုပ်ကိုင်ကာ စက်ဘီးဖြင့်
တချိုးတည်း သုတ်ခြေတင်ပါတော့သည်။ ဆိုင်သို့ရောက်သည်နှင့် ဘယ်တုန်းကမှ
မလုပ်ဝံ့ခဲ့ဖူးသော အလုပ်တခုကို စွန့်စွန့်စားစား လုပ်လိုက်ပါသည်။

 အဘိုးကြီးသြဆန်၏ မှတ်တမ်းစာအုပ်ကို အခွင့်မရှိဘဲ ဖွင့်ကြည့်လိုက်ခြင်းဖြစ်ပါ၏။
မစ္စတာသြဆန်သည် အရောင်းအဝယ် ငွေရေးကြေးရေးနှင့်ပတ်သက်သော အချက်အလက်တို့ကို ယင်း
မှတ်တမ်းစာအုပ်အတွင်း၌ မသပ်မယပ် ရေးမှတ်ထားသည်။ ကျနော်သိလိုသောအချက်ကိုလည်း
တွေ့ရပါသည်။

 'ပင်နီမန်၊ အမေရိကန် ဗျူတီနှင်းဆီပန်း ၅၂ ပွင့်၊ ၂၅ ဆင့်နှုန်း ကျသင့်ငွေ
စုစုပေါင်း ၁၃ ဒေါ်လာ၊ ကြိုတင်ငွေရှင်းပြီး' ဟု မစ္စတာသြဆန်က
ပဲပင်ပေါက်လက်ရေးဖြင့် ရေးမှတ်ထားသည်။

 'ကောင်းပါပေ့ဗျာ၊ ကောင်းပါပေ့'

 ကျနော့်ဘာသာ စိတ်ထဲမှာပြောနေမိသည်။

 နှစ်ပေါင်း အတန်ကြာလာပြီးနောက် တနေ့သောအခါတွင် သြဆန်ပန်းဆိုင်သို့
ကျနော်ရောက်သွားသည်။ ယခင်ပုံစံအတိုင်းပင်ဖြစ်ပါ၏။ ဘာမှပြောင်းလည်းခြင်း မရှိပါ။
အဘိုးကြီးသြဆန်သည် သူလုပ်နေကြအတိုင်း သတို့သမီးကိုင် ဇီဇဝါ ပန်းစည်းတစည်းကို
စည်းနှောင်ဖန်တီးလျက်။

 ကျနော်သည် ကျနော့်အလုပ်ရှင်ဟောင်းနှင့် အတန်ကြာအောင် စကားစမြည်ပြောနေမိသည်။
ထို့နောက် …

 "မစ္စကယ်ရိုလင်း တယောက်ကောဗျ။ ဘာဖြစ်သွားတုန်း။ ဟိုလေဗျာ။
နှင်းဆီပန်းတွေအပို့ခံရတဲ့ အမျိုးသမီး။ မှတ်မိတယ် မဟုတ်လား" ဟု မေးလိုက်မိသည်။

 "မစ္စကယ်ရိုလင်းလား"

 အဘိုးကြီးသြဆန်က ခေါင်းညိတ်ရင်းပြောသည်။

 "ဘာဖြစ်ရမှာလဲကွ။ ဆေးဆိုင်ပိုင်ရှင် ဂျော့ဟယ်လ်ဆီနဲ့ ယူသွားတယ်လေကွာ။
လူကောင်းတယောက်ပါပဲ။ အခုဆိုရင် အမြွာပူးလေး နှစ်ယောက်တောင် ရနေပေါ့"

 "အို … ဟုတ်လား"

 ကျနော်သည် တအံ့တသြဖြစ်ကာ ရေရွတ်လိုက်မိသည်။ ထို့နောက်
ကျနော်ဘယ်လောက်လျင်ကြောင်း မစ္စတာသြဆန်ကို ပြလိုက်ဦးမှပဲ ဟု ဆုံးဖြတ်လိုက်သည်။

 "ဒေါက်တာပင်နီမန်က သူ့အဆက်ဟောင်းဆီကို နှင်းဆီပန်းပို့နေတာကို သူ့မိန်းမ
သိမယ်လို့ ခင်ဗျားထင်သလား'

 ကျနော့်အမေးစကားကိုကြားတော့ မစ္စတာသြဆန် သက်ပြင်းချသည်။

 "ဂျိမ်းစ် မင်းကတော့ အမြဲတမ်း နုံနေတာပဲနော်။ ဒေါက်တာမင်နီမန်က ဘယ်တုန်းကမှ
နှင်းဆီပန်း မပို့ခဲ့ပါဘူးကွာ။ မစ္စကယ်ရိုလင်းဆီ နှင်းဆီပန်းတွေ
ပို့နေတဲ့အကြောင်းကို သူဖြင့် သိတောင်မသိပါဘူး'

 ကျနော်သည် အဘိုးကြီးသြဆန်ကို အတော်ကြာကြာစိုက်ကြည့်ပြီး …

 "ဒါဆိုရင် ဘယ်သူက ပို့ပေးတာလဲဗျ"

 "အမျိုးသမီးတယောက်ပေါ့ကွာ" ဟု မစ္စတာသြဆန်က ပြန်ပြောသည်။ ထို့နောက်
ဇီဇဝါပန်းစည်းကို သေတ္တာပုံးတခုထဲသို့ သေသေချာချာ ထည့်သည်။

 "အဲဒီ အမျိုးသမီးကဘာပြောသလဲဆိုရင် သူဟာ တဲ့၊ မစ္စကယ်ရိုလင်း တယောက်
သူ့ကိုအကြောင်းပြုပြီး ကိုယ့်ကိုကိုယ် အာဇာနည်မကြီးဖြစ်အောင်လုပ်နေတာကို
လက်ပိုက် ကြည့်မနေနိုင်ဘူး တဲ့။ ဒီနှင်းဆီပန်းတွေ အားလုံးကို
ဒေါက်တာပင်နီမန်ရဲ့မိန်းမ ခရစ္စတင်းပင်နီမန်က ပို့ပေးခဲ့တာကွ"

 ထို့နောက် အဘိုးကြီး သြဆန်က နောက်ဆုံးပိတ်အပြီးသတ်အနေနှင့် ပန်းသေတ္တာပုံး၏
အဖုံးကိုပိတ်လိုက်ပြီး "အဲဒါ မင်း စံထားရမယ့် အမျိုးသမီးတယောက်ကွ" ဟု
ကျနော့်ကို ပြောပါသည်။ ။

ဘာသာပြန် - မောင်သာမည 'နှလုံးသားထဲက ပန်းတပွင့်'

(A rose for Miss Caroline by Author Gordon)

http://oothandar.blogspot.com/   မှကူးယူမျှဝေပါသည်။
Today, there have been 9 visitors (31 hits) on this page!


www.zawtk.mmgenius.com

မြန်မာစံတော်ချိန်

ဒီမှာပြောလို့ရတယ်
ဘာနေ့လဲ ဆိုတာ ကြည့်မယ်
ရောင်စုံငါးလေးတွေ အစာကျွေးမယ်

အဖြူရောင်သံစဉ်ရေဒီယို
အဖြူရောင်သံစဉ်
=> Do you also want a homepage for free? Then click here! <=
ကျွန်တော့ဆိုဒ်လေးသို့ရောက်လာကြသော သူငယ်ချင်းများ အားလုံးကိုအထူးကျေးဇူးတင်ပါတယ်.. နောက်လည်းလာလည်ကြပါအုံးနော်...